ဆရာ ဆရာမများ သိထားသင့်သည့် အင်္ဂလိပ်စကားလုံး အချို့ ....အပိုင်း (၂) (ဒေါက်တာစိုးသန်း)

ဆရာ ဆရာမများ သိထားသင့်သည့် အင်္ဂလိပ်စကားလုံး အချို့ ....အပိုင်း (၂)



ပြီးခဲ့တဲ့ post မှာ ဆရာ ဆရာမ အသစ်တွေကို မသိမဖြစ်သိထားသင့်တဲ့ စကားလုံးလေးတွေ orientation လုပ်ရာမှာ ရှင်းပြရကြောင်းရေးခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီ post မှာ....

class chemistry

rapport

learner differences

traditional method

rote learning/ memorization

student-centered approach

teacher-centered approach

teacher-led activity

chalk and talk

content-based exam

skill-based exam စသည့် စကားလုံးများကိုရှင်းပြခဲ့ပါတယ်။


အခု ..ဆက်ပြီး သိထားသင့်တဲ့ စကားလုံးလေးများကို ဆက်လိုက်ကြရအောင်။


🍎"down from the pedestal"


ဦးစွာ pedestal ဆိုတဲ့ စကားလုံးကို သိဖို့လိုပါတယ်။ ဗိုလ်ချုပ်ပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်ကို မြင်ယောင်ကြည့်ပါ။ ဗိုလ်ချုပ်ရုပ်ထုကို တင်ထားတဲ့ ပန်းပုရုပ်အောက်ခံခုံကို pedestal လို့ခေါ်တယ်။ ဒါကိုသိပြီဆိုရင်...

"down from the pedestal" ဆိုတဲ့ သင်ကြားရေးမှာ သုံးတဲ့ စကားစုလေးကို နားလည်နိုင်ပါပြီ။


traditional teaching မှာ ဆရာဟာ စင်မြင့်ပေါ်မှာပဲ တချိန်လုံး ထီးထီးကြီးရပ်နေကာ lecture ပေးတယ်။ ဟောပြောသူအတွက်လုပ်ပေးထားတဲ့ စားပွဲမြင့် (podium သို့မဟုတ် lectern လို့ခေါ်ပါတယ်) နောက်မှာသာ တချိန်လုံးရပ်နေပြီး စာအုပ်ကြီးကို ဖတ်ပြသွားတာမျိုး၊ 🍎chalk and talk ရေးလိုက်ပြောလိုက် သင်သွားပုံမျိုးတွေ လုပ်ကြတဲ့အတွက် ငြီးငွေ့ဖွယ်ကောင်းတဲ့အပြင် ကျောင်းသားနဲ့လည်း နီးကပ်မှုမရှိ ဝေးနေတတ်ကြတယ်လို့ ဝေဖန်ကြပါတယ်။


ဒါ့ကြောင့် ဒီနောက်ပိုင်းမှာတော့ ဆရာဆိုတာ ကျောက်ရုပ်ကြီးလို စင်မြင့်ပေါ်မှာ တောင့်တောင့်ကြီး မနေရပဲ အောက်ကိုဆင်းလာပြီး ကျောင်းသားတွေနဲ့ နီးနီးကပ်ကပ် အပြန်အလှန်ဆွေးနွေး မေးခွန်းထုတ်ကြ၊ 🍎walk and talk ထိုင်ခုံတန်းတွေကြားထဲ လျှောက်လိုက် လိုအပ်တာတွေ သင်ပြရှင်းပြလိုက်နဲ့ သင်ပေးတာမျိုးကို 🍎The teacher has come "down from the pedestal." လို့ ရည်ညွှန်းကြခြင်းဖြစ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာ writing class ၊သင်္ချာ လေ့ကျင့်ခန်းလုပ်နေတဲ့ အချိန်မျိုးမှာ ဆရာဟာ ကျောက်ရုပ်ကြီးလို စင်မြင့်မှာ တောင့်တောင့်ကြီးရပ်နေဖို့ဟာ မဖြစ်နိုင်တာ ဆရာတွေသိကြမှာပါ။


🍎teacher talk/ teacher talk time


နောက်သိထားရမဲ့ စကားလုံးက teacher talk ပါ။ ကျွန်တော်တို့ ဆရာ ဆရာမ အသစ်လေးတွေ စာသင်ခန်းထဲမှာ လက်တွေ့သင်ကြားပုံကို အတန်းထဲဝင်ထိုင်ပြီး လေ့လာကြည့်ကြပါတယ်။ class observation လုပ်တာပေါ့။ ပြီးရင် သူတို့ရဲ့ အားသာချက် အားနည်းချက် လိုအပ်တာလေးတွေ lesson plan မှာ ဟာကွက်လေးတွေ စသည်ဖြင့် feedback အကြံပေး ထောက်ပြရပါတယ်။ အဲဒီလို class observation တွေမှာ ကြုံရတတ်တာက တချို့ ဆရာအသစ်လေးတွေဟာ တချိန်လုံး သူတို့ပဲ တောက်လျှောက် ပြောနေတော့တာပါပဲ။ ဘရိတ်မအုပ် အသက်မရှု ကျောင်းသားနားလည်ရဲ့လားမမေး...ရှင်းပြလိုက် ရေးလိုက်...ok...ok...ဆိုပြီးဆက်သင်တော့တာပဲ။ အဲဒီလို ဆရာမျိုးကို 🍎You should reduce teacher talk time. လို့ လျှော့ပြောဖို့ အကြံပေးရပါတယ်။ တချို့ကတော့ Too much teacher talk! လို့ဝေဖန်တတ်ကြပါတယ်။

ကိုယ်ပဲ တချိန်လုံးပြောတာလျှော့ပါ။ စာသင်တယ်ဆိုတာ တကယ်တော့ 🍎Teaching is a dialogue between the teacher and students. ဆိုတဲ့ အနှစ်သာရရှိတာမို့ အပြန်အလှန်ပြောကြပါ။ ကျောင်းသားကို မေးခွန်းမေးပါ။ ကျောင်းသားကိုလည်း ပြောခွင့်ပေးပါ။ ကျောင်းသားကို ပါဝင်ပတ်သက်လာအောင် (🍎student involvement; student engagement) အခွင့်ပေး အချိန်ပေးရမှာ ဖြစ်လို့ teacher talk များတိုင်း teacher talk time ကြာတိုင်း effective teaching ဖြစ်တယ်လို့ ယူဆလို့ မရနိုင်ပါဘူး။ သို့သော်လည်း It seems some teachers love to hear themselves talk. တချို့ဆရာတွေဟာ ကိုယ့်အသံကိုယ်ပြန်ကြားရတာကို သာယာနေကြသလို...သူတို့ပဲပြောချင်နေကြတာမျိုး။


အထက်မှာပြောခဲ့သလို teacher talk များတဲ့ သင်ကြားမှုစနစ်မျိုးမှာ ဆရာက ကျောင်းသားတွေဟာ ဘာမှမသိကြသေးသူတွေလို့ ယူဆထားတတ်ပါတယ်။ အောက်မှာပေးထားတဲ့ ဝါကျကို ဂရုတစိုက်ဖတ်ပြီး သူ့ရဲ့ အဓိပ္ပါယ်ကို စဉ်းစားကြည့်ပါ။


🍎"The classroom is the place where the teacher is the expert who pours knowledge into passive students, who wait like empty vessels to be filled."


ဒီဝါကျဟာ ရှေးရိုးစနစ်ဟောင်း သင်ကြားမှုပုံစံကို ဝေဖန်ထားတာပါ။ အဲဒီလိုစနစ်မှာ teacher က 🍎expert, authority figure ပါ။ ကျောင်းသားဆိုတာ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဘာမှမသိသေးတဲ့သူ။ ဒါ့ကြောင့် ဆရာကသာ အဲဒီ ဗလာကျင်းအိုးလွတ်လေးတွေ 🍎empty vessels ထဲကို ဗဟုသုတတွေလောင်းထည့်ပေးရမယ်လို့ ခံယူကြတယ်။ teacher-centered ဖြစ်တာပေါ့။ ဆရာက အားလုံး ခူးပြီးခပ်ပြီးကျွေးတဲ့စနစ် 🍎spoon feeding ဖြစ်တယ်။ ကျောင်းသားတွေကိုယ်တိုင်ပါဝင်ကြိုးစားအားထုတ်တာမဟုတ်လို့ သူတို့ဟာ 🍎passive learners တွေဖြစ်တယ်။


အဲဒီလို အားနည်းချက်တွေကြောင့် student-centered သင်ကြားရေးစနစ်ဟာ ကျောင်းသားတွေ ကိုယ်တိုင် တက်ကြွစွာ ပါဝင်ပတ်သက်အောင် 🍎active participants ဖြစ်လာအောင်၊ ဆရာကို ပုံပြီးအားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးတဲ့ လေ့လာသူတွေ 🍎independent learners/ autonomous learners ဖြစ်စေအောင် အားပေးစေတာဖြစ်တယ်။ ဆရာဟာ စင်မြင့်ပေါ်က အာဏာရှင်ကြီး မဟုတ်တော့ဘဲ စင်ပေါ်မှဆင်းလာကာ ကျောင်းသားများ လွယ်ကူစွာ သင်ကြားတတ်မြောက်ဖို့ နည်းပေါင်းစုံနဲ့ အားပေးကူညီမဲ့ 🍎facilitator/guide/coach တစ်ယောက်လို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။


ဒီ post တွေမှာ အဓိက ပြောပြချင်တဲ့ အင်္ဂလိပ် စကားလုံးလေးတွေရဲ့ရှေ့မှာ ပန်းသီးပုံလေးပြထားတာ သတိပြုကြည့်ပါ။ ဆက်ပြောစရာတွေအများကြီးပါ။ စာအရမ်းမရှည်အောင် bite-size လေးတွေ ခွဲခွဲပြီးတင်ပေးရင် ပိုပြီး digestible အစာကြေလွယ် မှတ်မိလွယ်မယ်လို့ထင်ပါတယ်။ ဆက်တင်ပေးပါ့မယ်။


With love,

Dr.Soe Than

May 31, 2017

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)