သင့်နှလုံးသားထဲမှာ HOME အိမ်လေးဆောက်၍ လေ့လာပါ။ (ဒေါက်တာစိုးသန်း ရေးသားသည်။)

သင့်နှလုံးသားထဲမှာ HOME အိမ်လေးဆောက်၍ လေ့လာပါ။

(ဒေါက်တာစိုးသန်း ရေးသားသည်။)

စနေနေ့မနက်က ကိုညီညီတောင်ကြီး နဲ့လုပ်ခဲ့တဲ့ Interview မှာ သူ ကျွန်တော့်ကို မေးသွားခဲ့တဲ့ မေးခွန်းလေးတွေ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ်လည်း ဉာဏ်မီသမျှ တတ်စွမ်းသမျှ ရတဲ့အချိန်ပိုင်းလေးအတွင်းမှာ မေးခွန်းတွေကို ကြိုးစားပြီးပြန်ဖြေပေးခဲ့ပါတယ်။ Interview ဟာ ၂နာရီကျော်ကြာတာဆိုတော့ မေးခွန်းတွေ တော်တော်များသား။ အဲဒီမေးခွန်းတွေအနက် သတိထားမိတဲ့ မေးခွန်းလေးတစ်ခုက Foe Zaw ဆိုတဲ့ account name နဲ့မေးထားတဲ့ အောက်ပါမေးခွန်းလေးပါပဲ။


"Foe Zaw: ကျောင်းမနေခဲ့ရသူတွေအဖို့ ဝမ်းရေးကိုကြိုးစားရှာဖွေရင်း တစ်ကိုယ်ရေအင်္ဂလိပ်စာလေ့လာနိုင်မယ့်နည်းလမ်းတွေကိုပြောပြပေးပါ။"


ကျောင်းမနေခဲ့ရသူတွေဆိုပေမဲ့ compulsory မသင်မနေရ ပညာရေးစနစ်ကြောင့် အထက်တန်းလောက်တော့နေခဲ့ကြဖူးသူတွေဖြစ်နိုင်ပါတယ်။ တက္ကသိုလ်မှ ဘွဲ့ရအောင်မတက်ခဲ့ရသူတွေလည်းဖြစ်နိုင်ပါတယ်။ သူတို့တွေ ဝမ်းရေးအတွက်ရုန်းကန်နေကြရတဲ့ကြားမှ အင်္ဂလိပ်စာကို သင်တန်းတွေသွားမတက်ဘဲ ဆရာလွတ် self-study လုပ်ချင်ရင် ဘာအချက်လေးတွေကို သတိပြုသင့်သလဲဆိုတာကို အများနဲ့ ဆက်နွယ်နေတဲ့မေးခွန်းတစ်ခုဖြစ်နိုင်တာမို့လို့ အချက်လေးတွေခွဲပြီး ရေးပြပါ့မယ်။ interview မှာတုန်းက အချိန်ကို ငဲ့ရတဲ့အတွက် အသေးစိပ်ပြန်မဖြေလိုက်ရလို့ ဒီဆောင်းပါးလေးရေးလိုက်တာပါ။


အင်္ဂလိပ်စာကို Self-study ကိုယ်ပိုင် ဆရာလွတ် လေ့လာမဲ့သူဟာ ကိုယ်ဘာကိုလိုအပ်တာလဲ၊ ဘယ် skill ကိုလေ့လာချင်တာလဲ၊ reading လား၊ writing လား၊ listening and speaking လားဆိုတာ သိဖို့လိုပါတယ်။ ပြီးရင် အဲဒီ skill ကိုလေ့လာဖို့ စာအုပ်တွေ materials နဲ့ resources တွေအိမ်မှာရှိဖို့လိုတယ်။ ပြီးရင် အရေးအကြီးဆုံး အချိန်ပေးနိုင်ဖို့လိုတယ်။ နေ့စဉ်ပုံမှန် မပျက်မကွက်လေ့လာဖြစ်အောင် စည်းကမ်းတကျ time-table/schedule အချိန်ဇယားဆွဲပြီး လေ့လာရမှာဖြစ်ပါတယ်။ စာအုပ်တွေ၊ reading materials တွေကို မိမိရဲ့ လက်ရှိအင်္ဂလိပ်စာအဆင့်နဲ့ လိုက်ဖက်အောင် သင့်တော်ရာကို ရွေးချယ်ပါ။ အချိန်ဇယားရှိပြီ၊ အချိန်တစ်နေ့ကို ပုံမှန် ၂နာရီပေးနိုင်ပြီ၊ စာအုပ်တွေ၊ learning materials တွေ Internet စသည့် resources တွေအားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် အခုစလေ့လာလို့ရပြီပေါ့။ သို့သော် အောက်ပါအချက်လေးတွေကို စဉ်းစား လိုက်နာစေလိုပါတယ်။


1. Set realistic and specific goals.

ပထမဦးဆုံး အရေးကြီးတာက language learning ဟာလည်း အခြားမည်သည့်ဘာသာရပ်လေ့လာရေးတွေအလားတူ မဖြစ်နိုင်တာကို လောဘကြီးလို့မရပါဘူး။ ကိုယ်လိုချင် ရောက်ချင်တဲ့ ပန်းတိုင်ဟာ လက်တွေ့ကျဖို့လိုပါတယ်။ အစပိုင်းမှာ manageable, achievable goals တွေကိုချမှတ်ဖို့ အရေးကြီးပါတယ်။ ခုရေတွင်းတူး ခုရေကြည်သောက်ချင်လို့မရပါဘူး။ You cannot master a language overnight. ဆိုတာ ကျွန်တော် မကြာခဏပြောဖူးပါတယ်။ နိုင်ငံခြားဘာသာစကားတစ်ခုကို အဆင့်တစ်ခုအထိ တတ်ကြွမ်းဖို့ဟာ ဇွဲရှိရှိနဲ့ အချိန်အများကြီးပေးကာ လေ့လာယူရတာပါ။ ဆိုတော့ကာ ငါတော့ ဒီလအကုန်မှာ native speaeker တစ်ယောက်လို အသံထွက်မှန်မှန်နဲ့ fluently စကားပြောနိုင်ရမယ် ဆိုတဲ့ objective မျိုးဟာ လက်တွေ့မကျ realistic မဖြစ်လို့ ကိုယ့်စိတ်ကို ပိုပင်ပန်းစေမဲ့ objective မျိုးဖြစ်လို့ ရှောင်ကျဉ်ပါ။ ဒီတစ်ပတ်အတွင်း ညဖက်မှာ တစ်နေ့ တစ်နာရီပုံမှန် Simple past, Past continuous, Past perfect စတဲ့ Past Tense သုံးခုကို ကြေညက်အောင် လေ့ကျင့်ခန်းတွေလုပ်ပြီး လေ့လာမယ်ဆိုတဲ့ goal မျိုးဟာတော့ realistic ဖြစ်တယ်၊ တကယ်လည်းအောင်မြင်အောင် လုပ်ယူနိင်တဲ့ learning goal ဖြစ်ပါတယ်။ ဒီ တစ်ပတ်ပြီးရင် နောက်တစ်ပတ်၊ နောက်တစ်လ စသည်ဖြင့် လေ့လာသွားရမှာတွေကို တပိုင်တနိုင် အချိန်စာရင်းနဲ့ ပုံမှန် ကိုယ်ပိုင် သင်ရိုးညွှန်းတန်းကိုဆွဲကာ self-study လုပ်ကြပါ။


2. Remind yourself why you are learning.

ဆရာမပါ၊ အတန်းဖော် အတူတွဲပြီးလေ့ကျင့်ဖို့ သူငယ်ချင်းဆိုတာလည်းမရှိတဲ့အတွက် self-study သမားဟာ တခါတရံ ငြီးငွေ့တတ်ပါတယ်။ ပျင်းလာမယ်၊ စိတ်ဝင်စားမှုလျှော့ကျလာမယ်၊ လုံးဝစိတ်မပါတော့ဘဲနဲ့ ဆက်မလုပ်တော့ဘဲ ရပ်လိုက်ချင်တာမျိုးတွေဖြစ်တတ်ပါတယ်။ အဲဒီလို motivation ကျလာတဲ့အခါမှာ၊ လက်လျှော့ချင်စိတ်ပေါက်လာတဲ့အခါမျိုးတွေမှာ၊ ကိုယ့်ကိုယ်ကိုယ် ငါ ဒီအင်္ဂလိပ်စာကြီးကို ဘာ့ကြောင့်လေ့လာနေရတာပါလိမ့်လို့ self-doubt ဝင်လာချိန်မျိုးမှာ Why am I learning English? Why do I want to learn it? Why do I need it? Where am I going to use it? စသည့်မေးခွန်းများ မိမိကိုယ်မိမိပြန်မေးကြည့်ပြီး ပြန်လည်အတည်ပြုပါ။ ငါ့ဘဝမှာ အင်္ဂလိပ်စာကို ငါ ဘာ့ကြောင့် တတ်ဖို့လိုနေတာလဲ။ Why I do need English? ဆိုတဲ့မေးခွန်းကို အနည်းဆုံး အဖြေ ၅ ချက်လောက်ရအောင် ချရေးကြည့်ပါလား။ အဖြေရှိရင် လမ်းကြောင်းပေါ် ပြန်ရောက်သွားပါလိမ့်မယ်။


3. Focus on a specific skill but try to link it with other skills.

Reading, Writing, Listening and Speaking ဆိုပြီး language skills လေးခုရှိတဲ့အနက် ဘယ် skill ကို အဓိကတတ်ချင်တာလဲ။ အဲဒီ skill ကိုသာ အသားပေးလေ့လာပါ။ ပြောတတ်ချင်ရင် speaking များများကျင့်။ ရေးတတ်ချင်ရင် writing ကိုကျင့်။ reading skill ကောင်းချင်ရင် စာများများဖတ်ရမှာပေါ့။ သို့သော် ပါးစပ်ကတော့ ကျက်ထားတဲ့ ဝါကျတွေနဲ့ speaking ကို ကရားရေလွှတ်ပြောတတ်ပေမဲ့ စာချရေးခိုင်းရင် မရေးနိုင်တဲ့သူမျိုးဖြစ်ချင်တာလား။ သို့မဟုတ် အပြော၊ အရေး၊ အဖတ် အားလုံး ဟန်ချက်ညီညီ အင်္ဂလိပ်စာမျိုးတတ်ချင်တာဆိုရင်တော့ skills-integrated approach ကိုသုံးပြီး ကိုယ်လေ့လာရာမှာ reading နဲ့ writing အတူတွဲကျင့်၊ listening နဲ့ speaking အတူတွဲကျင့်ကာ လေ့လာပေးမယ်ဆိုရင်တော့ all-rounded language user ဖြစ်လာမှာပါ။ Skill လေးခုထဲမှာတော့ Reading skill ဟာ အခြေခံရေသောက်မြစ်ဖြစ်တယ်ဆိုတာကို သတိပြုပါ။


4. Read. Read and read more.

ဆရာလွတ်လေ့လာသူတွေ အလုပ်သင့်ဆုံးအလုပ်ကတော့ အင်္ဂလိပ်လို short stories ဝတ္ထုတိုတွေ၊ Simplified readers အလွယ်ပြန်ရေးထားတဲ့ ပုံပြင်စာအုပ်တွေ၊ novels ဝတ္ထုရှည်တွေ၊ online နဲ့ offline မဂ္ဂဇင်းတွေ ဂျာနယ်တွေကို များများဖတ်ပေးဖို့ပါပဲ။ Native speakers တွေအတွက်ရည်ရွယ်ပြီးရေးထားတဲ့ authentic reading materials တွေဟာ ဘာသာစကားလေ့လာရေးအတွက် အကောင်းဆုံးကုန်ကြမ်းတွေပါ။ စဖတ်ချိန်မှာတော့ တစ်အုပ်ကို ကုန်အောင် နားလည်အောင်ဖတ်နိုင်ဖို့ ခက်မှာဖြစ်လို့ simplified reader တွေနဲ့စသင့်ပါတယ်။ မူရင်းဝတ္ထုရှည်တစ်အုပ်ကို မပြီးမဖြစ် ပြီးအောင် ကြိုးစားဖတ်ပါ။ ၁လကြာမယ်၊ ၂လ ကြာကောင်းကြာမယ်။ ကြာပါစေ၊ ပြီးအောင် အောင့်အည်းဖတ်။ ပြီးသွားပြီဆိုရင် အဲဒီ Englsih novel ဟာ သင့်ဘဝရဲ့ trophy အောင်မြင်မှု ဒိုင်းဆုကြီးပါပဲ။ အဲဒီစာအုပ် မျက်နှာဖုံးလေးကို ကိုယ်ပြန်မြင်တွေ့နိုင်အောင် အိပ်ခန်းအတွင်း စာကြည့် စားပွဲပေါ်မှာ ထောင်ထားလိုက်ပါ။ ဒီအင်္ဂလိပ်ဝတ္ထုတစ်အုပ်လုံးကို ငါ ကုန်အောင်ဖတ်နိုင်ပြီ။ Congratuale yourself! What a milestone in your life! ကဲ… နောက်တစ်အုပ် ကို ရှေ့လအတွင်းမှာ ပြီးအောင်ဆက်ဖတ်မယ်နော်။ ဒီလိုနဲ့ တစ်လ တစ်အုပ်… ဖတ်လာလိုက်တာ vocabulary တွေတိုး၊ ဝါကျ အရှည် အလှတွေ သတိထားမိ၊ Reading ရဲ့ကျေးဇူးကြောင့် ကျန်တဲ့ skills တွေကိုလေ့လာရာမှာ ပိုပြီးခရီးပေါက် မြန်ဆန်လာပါလိမ့်မယ်။


5. Age is just a number.

အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုသာတဲ့။ ကြီးတယ် ငယ်တယ် မဟုတ်ပါဘူး၊ ဘာသာရပ်တစ်ခုကို တကယ်တတ်ချင်ရင် အချိန်ပေးပြီး ဇွဲကောင်းကောင်းနဲ့ ပုံမှန်လေ့လာရင် လူတိုင်းတတ်မြောက်နိုင်ပါတယ်။ ငါ့ အသက်ကြီးနေပါပြီကွာ၊ ဒီအရွယ်ကြီးရောက်မှ သင်လို့လည်းရမှာမဟုတ်တော့ပါဘူး… ဆိုတာဟာ ဆင်ခြေပေးတာပါ။ တကယ်လုပ်ချင်စိတ် မပြင်းပြလို့ ကိုယ့်ကိုယ်ကိုယ်ပြန်လှည့်စားသူတွေ သုံးတတ်တဲ့ စကားသာ။ ပညာရှင်တွေပြောတတ်တဲ့ Critical Period Hypothesis ဆိုတာကလည်း ရှိသေးတာကိုး။ အဲဒီ hypothesis အဆိုအရ language learning ဆိုတာ ငယ်ငယ် ကလေးဘဝမှ စောစောစရတဲ့အလုပ်မျိုးတဲ့။ critical period တဲ့။ ဆိုပါစို့၊ အသက် ဆယ်နှစ်နောက်မှ ဘာသာစကားတစ်ခုကို စသင်ပေးရင် အဲဒီလူဟာ grammatical patterns တွေအားလုံးကို ပိုင်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုတဲ့ theory တစ်ခုပါ။ သက်သေပြချက်မခိုင်လုံလို့ ဆန့်ကျင်သူတွေများပါတယ်။ စိတ်အားထက်သန်တဲ့ Adult learners တွေဟာ ဖြည်းဖြည်းနဲ့ မှန်မှန်လေ့လာသွားကြလို့ English, Chinese, Spanish စသည့်ဘာသာစကားတွေကို ကောင်းကောင်းပြောနိုင် ရေးနိုင်တဲ့ Opsimaths ဦးကျည်ပွေ့တွေ အများကြီး ပတ်ဝန်းကျင်မှာရှိနေတာ language learning မှာ Age is just a number. You are never too old to learn. ဆိုတာ သက်သေသာဓကပါပဲ။


6. Learn vocabulary and grammar in context.

အလွတ်ကျက်ခြင်း memorization ဟာ တခါတလေလိုအပ်ပါတယ်။ သို့သော် vocabulary အလုံး ၁၀၀ ကို ထိုင်အလွတ်ကျက်တာမျိုး၊ Phrasal verb အလုံး ၂၀ တစ်နေ့ထဲမှာ ထိုင်ကျက်လိုက်မယ် ဆိုတာမျိုးတော့ အားမပေးချင်ပါဘူး။ အပေါ်မှာပြောခဲ့သလို vocabulary နဲ့ sentence structure တွေကို Reading မှတဆင့်သွားတာပိုကောင်းပါတယ်။ စာဖတ်ရင်းနဲ့တွေ့ရတဲ့ new vocabulary words တွေ၊ sentence structure တွေ၊ လှလို့ ပြန်အသုံးချလို့ရမဲ့ ဝါကျကောင်းတွေကို လိုင်းသား၊ မှတ်စုကူးရေးတဲ့နည်းဟာ through the meaningful context of reading မှတဆင့်လာတာဖြစ်လို့ memory retnetion အတွက်ပိုအားပေးရာရောက်လို့ဖြစ်ပါတယ်။ ဒီနည်းနဲ့သာ vocabulary နဲ့ grammatical patterns တွေကို လက်တွေ့မှာအသုံးပြုတဲ့ natural context, natural English ကိုတွေ့မြင်လေ့လာနိုင်မှာဖြစ်တယ်။


7. Seek every opportunity to use the language.

နေ့စဉ် အိမ်မှာ တစ်ယောက်တည်း self-study လုပ်နေတာ ကောင်းပါတယ်။ သို့သော် လေ့လာရုံနဲ့ မလုံလောက်ပါဘူး။ A good language learner seeks opportunities to use the language. ဆိုတာကို သတိချပ်ပါ။ မြန်မြန်တတ်ချင်ရင် ရှက်ကြောပြတ်ဖို့လိုတယ်။ အင်္ဂလိပ်လို ပြောဖို့၊ ရေးဖို့၊ အသုံးချဖို့ လေ့ကျင့်ဖို့ အခွင့်အရေးကိုရှာပါ အသုံးချပါ။ Tourists တွေနဲ့ အပြောလေ့ကျင့်ပါ။ အလုပ်မှာ ပြင်ပမှာ ဝါသနာတူ လေ့လာသူ သူငယ်ချင်းတွေနဲ့ လေ့ကျင့်ပါ။ Online မှာ Group တွေရှိတယ်။ ဝင်ရေး၊ ဝင်ပြော၊ ဘာသာပြန်ပြိုင်ပွဲတွေ ဝင်ပြိုင်၊ အင်္ဂလိပ်စာကို လက်ပွန်းတတီးအသုံးပြုနေဖို့ အခွင့်အလမ်းတွေရှာဖွေ အသုံးချနေသူဟာ လေ့ကျင့်ရေးကောင်းနေတဲ့ ကစားသမားလို၊ ပုံမှန်သွေးနေလို့ ထက်နေတဲ့ ဓားတစ်ချောင်းလို ထူးချွန်လာမှာ သေချာပါတယ်။


8. Learning never ends.

Education is a life-long journey. ဆိုတဲ့ စကားလေးလိုပေါ့၊ ပညာရှာတယ်ဆိုတာ ပြီးဆုံးသွားပြီလို့ကို မရှိတာ၊ နေ့စဉ် သေသည်အထိလုပ်သွားရမဲ့အလုပ်ပါ။ Language learning ဆိုတာလည်း ကြယ်ပြန့်ပါတယ်။ language, literature - classics & contemporary, linguistics, phonetics, idioms and expressions, reading, writing စသည်ဖြင့် ဘယ်အပိုင်းကို ပိုင်နိုင်အောင်လေ့လာမှာလဲ။ လေ့လာလို့မကုန်နိုင်ပါ။ ကိုယ်တိုင်လည်း ဒီနေ့အထိ လေ့လာခြင်းကို မရပ်လိုက်နိုင်သေးပါဘူး။ ရပ်လိုက်တာနဲ့ တိုးတက်မှုမရှိတော့မှာကို ကောင်းကောင်းသိထားလို့ပါ။ ဆိုတော့ကာ ဒီခရီးကလည်း ရှည်လျှားလိုက်တာ၊ ပန်းတိုင်ကိုရောက်နိုင်ဦးမှာလားလို့ စိတ်ဓာတ်ကျစရာမလို။ နေ့စဉ်ပုံမှန်သာ အားထုတ်နေပါ။ သင့်ရဲ့ ဒီနေ့ အင်္ဂလိပ်စာဟာ မနေ့ကထက်ပိုကောင်းလာဖို့သာ အဓိက၊ ရှေ့နှစ်မှာ ဒီနှစ်ထက်ပိုကောင်းဖို့ ရည်ရွယ်ချက်ဖြင့် ဆက်ချီတက်ပါ။ 


9. Be in the language environment.

အင်္ဂလိပ်လို မြန်မြန်နဲ့ မှန်အောင်တတ်ချင်ရင် London, New York စတဲ့ English speaking နေရာတွေမှာ သွားနေနိုင်ရင် အကောင်းဆုံးပေါ့။ ဒါဟာ မဖြစ်နိုင်ရင်တော့ ကိုယ့်အိမ် ကိုယ့်ပတ်ဝန်းကျင်မှာပဲ London, New York အတုလေးဖန်တီးယူကာ လေ့လာလို့ရပါတယ်။ အင်္ဂလိပ်သီချင်းနားထောင်၊ လိုက်ဆို၊ အလွတ်ရအောင်ဆို၊ BBC, CNN သတင်းတွေဖွင့်ထား၊ထိုင်ပြီး အာရုံစိုက်ကြည့် နားထောင်၊ အဝတ်လျှော် မီးပူတိုက် အလုပ်လုပ်နေချိန်မှာလည်း သတင်းကို background မှာဖွင့်ထား၊ ခရီးသွားဟန်လွှဲ တချိန်လုံး အင်္ဂလိပ်စကားသံတွေကြားနေရမယ်။ English movies တွေကြည့်၊ Youtube မှာ TedTalk video တွေများများကြည့်၊ Online English learning resources တွေအသုံးချ၊ ကိုယ့် phone လေးမှာ headphone လေးနဲ့လည်း intensive listening နားထောင်၊ နံရံပေါ်မှာ white board ကြီးကြီးတစ်ခုကိုထောင်ထားပြီး တစ်နေ့ကို vocabulary ငါးလုံး၊ ကြိုက်တဲ့ proverb, quotation, sentence တွေရေးထား၊ ဖြတ်သွားဖြတ်လာ ရပ်ပြီး white board ကို ခဏခဏဖတ်၊ တစ်နေကုန်တော့ အဲဒီ အင်္ဂလိပ်စာတွေအကုန် ကိုယ့်ခေါင်းထဲရောက် ကိုယ်ပိုင်ဖြစ်သွားရော။ ကိုယ်ပိုင် London, New York မှာနေတဲ့ အကျိုးကျေးဇူးတွေပေါ့။


10. Make effective use of the Internet.

ဘာသာစကားလေ့လာသူတွေအတွက် ဒီနေ့ ITခေတ်မှာ the Internet, Google, Facebook တို့ဟာ သောက်လို့မကုန်နိုင်တဲ့ သမုဒ္ဒရာကြီးပါပဲ။ ကိုယ်လေ့လာချင်တဲ့ အကြောင်းအရာကို Google မှာ စာလုံးလေးတစ်လုံးချရိုက် ရှာကြည့်။ ဥပမာ Simple stories for EFL students ဆိုပြီး ရိုက်ကြည့်လိုက်၊ stories တွေအများကြီး အလကားဖတ်ဖို့တင်ပေးထားတဲ့ websites တွေ တသီတတန်းကြီးကျလာလိမ့်မယ်။ ဖတ်ပေတော့။ အရေးကြီးတာ online ပေါ်မှာ fooling around လုပ်ပြီး Facebook ပွတ်ပြီးအချိန်မကုန်စေဘဲ ကိုယ့်ရဲ့ language learning tool တစ်ခုအဖြစ် ထိရောက်စွာအသုံးပြုတတ်ဖို့လိုပါတယ်။ Facebook ပေါ်မှာ မြန်မာပြည် နယ်အရပ်ရပ်က အင်္ဂလိပ်စာ လိုက်စားနေသူအတွက် စေတနာရှေ့ထားပြီး မိမိတို့၏ကိုယ်ပိုင်အချိန်နဲ့ resources တွေကိုသုံးပြီး ပညာမျှဝေပေးနေတဲ့ ဆရာကောင်းတွေအများကြီးရှိပါတယ်။ ကိုယ်နဲ့လည်း သိလို့၊ သူတို့ရေးပေးတဲ့ English lesson posts တွေဟာ အမှားကင်းစင်လို့ စိတ်ချစွာ follow လုပ်ထားသင့်လို့ recommend လုပ်ပေးချင်တဲ့ ဆရာတွေကို စနေနေ့က interview မှာ အချိန်ကို ငဲ့နေရတဲ့အတွက် မပြောလိုက်နိုင်လို့ အခု ဒီမှာ စာရင်းတို့ပေးလိုက်ပါတယ်။ Facebook မှာ သူတို့ကို follow မလုပ်ရသေးရင် ရှာပြီးလုပ်ပါ။ ဒီဆရာတွေရေးပေးတာကိုလည်း နယ်အဝေးမှာနေနေကြတဲ့ self-study သမားတွေ အလေးပေးဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။ သူတို့ရဲ့ account names တွေကတော့ 


ဆရာဒေါက်တာ Myat Thu

U Kyaw Nyein 

Zaw Min-Oo

Michael Lin Lin

Sithu Htet

Saya Myo Thura

ကိုကိုကျော် မင်းမျိုးသန့် (ဆရာချော) တို့ဖြစ်ပါတယ်။


ကဲ… self-study သမားတွေ သတိချပ်သင့်တဲ့ အချက် ဆယ်ချက်ကို ကျွန်တော့်ရဲ့ သင်ကြားရေးအတွေ့အကြုံပေါ်မူတည်လို့ အပေါ်မှာ အကြံပေးခဲ့တာ ဆောင်းပါးလည်း တော်တော်ရှည်သွားလို့ စနေနေ့က interview ထဲမှာ ထည့်ပြောခဲ့တဲ့ ကျွန်တော့်ရဲ့ HOME ဆိုတဲ့ acronym လေးနဲ့ နိဂုံးချုပ်ပါရစေ။


အင်္ဂလိပ်စာရယ်လို့သာမဟုတ်ပါဘူး၊ ဘယ်အရာကို မဆိုလေ့လာမယ်ဆိုရင် သင့်ရဲ့ နှလုံးသားထဲမှာ HOME ဆိုတဲ့ ဒီအိမ်လေးကို တည်ဆောက်နေထိုင်လေ့လာနိုင်ကြပါစေလို့။


Hunger (You need to be hungry for knowledge.)

Objective (You need to set clear, achievable objectives.)

Motivation (You need to have strong motivation to learn.)

Effort (You need to put in extra effort into your learning.)


လှပတဲ့ language home လေးတည်ဆောက်နိုင်ပါစေ။ အင်္ဂလိပ်စာလည်း ပိုမိုတတ်ကျွမ်းကြပါစေ။


With love,

Dr.Soe Than

October 29, 2018

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)