အလုပ်အကြောင်း အင်္ဂလိပ်စာ (ဒေါက်တာစိုးသန်း)
အလုပ်အကြောင်း အင်္ဂလိပ်စာ
ဒီတစ်ခေါက်တော့ သက်မွေးဝမ်းကြောင်းအလုပ်နဲ့ ပတ်သက်တဲ့ သိထားသင့်တဲ့ အင်္ဂလိပ်စကားလုံးလေးတွေနဲ့ expressions လေးတချို့ကို စုံလင်အောင်တင်ပြချင်ပါတယ်။ လုပ်ငန်းခွင်ထဲမှာရှိနေကြသူတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ရုံးတွေမှာ ဝင်လုပ်ဖို့စိတ်ဝင်စားသူတွေအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။
♦️အလုပ်၊ အသက်မွေးမှုအလုပ်ကိုခေါ်တဲ့ စကားလုံးများ၊ အားလုံးဟာ Noun တွေပါ။
- job
- work
- profession
- occupation
- career
- business
He got a job as an accountant at a bank.
သူ ဘဏ်တစ်ခုမှာ စာရင်းကိုင်အလုပ် လုပ်/ရတယ်။
What is his job?
သူ ဘာအလုပ်လုပ်သလဲ။
He is a doctor by profession.
သူ့ရဲ့ သက်မွေးဝမ်းကြောင်းလုပ်ငန်းက ဆရာဝန်ပါ။
သူ ဘာအလုပ်လုပ်သလဲ..ကို မေးပုံနောက်တစ်မျိုးကိုကြည့်ပါ။
What does he do for a living?
to do something for a living သုံးပုံကိုမှတ်ပါ။
♦️အလုပ်သမားအမျိုးမျိုး
- blue-collar worker= ကာယလုပ်သား (ဝတ်စုံအပြာရောင်ဝတ်ကြရလို့ blue collar)
- white-collar worker= ဉာဏလုပ်သား၊ ရုံးမှာထိုင်လုပ်ရတဲ့အလုပ်မျိုး
- pink-collar worker= စားပွဲထိုး၊ ဟော်တယ်ဝန်ထမ်း၊ အရောင်းစာရေး စသည်ဖြင့် service industry မှာလုပ်သူ (pink ပန်းရောင်ဆိုတော့ အမျိုးသမီးတွေသာ အလုပ်များကြလို့ပေါ့)
♦️လုပ်ရတဲ့ အလုပ်အမျိုးအစားတွေ
- manual labour= ကာယ အလုပ်ကြမ်း၊ လက်နဲ့လုပ်ရတာ
- sedentry work/occupation= ထိုင်နေရသော၊ ကိုယ်လက်လှုပ်ရှားမှုနည်း၍ အညောင်းမိသည့်အလုပ်
- part-time job= အချိန်ပိုင်း၊ ယာယီအလုပ်
- temporary job= အချိန်ပိုင်း၊ ယာယီအလုပ်
- full-time job= အချိန်ပြည့်၊ ပုံမှန်အလုပ်
- freelance (adjective, verb, noun)= မိမိကိုယ်ပိုင်လုပ်ငန်းဖြင့်အသက်မွေးသည်၊ တစ်သီးပုဂ္ဂလ၊ အလွတ်
- selfemployed= ကိုယ်ပိုင်အလုပ်လုပ်သော
- sideline= ဘေးပန်း၊ ဘေးပေါက်အလုပ်
- do a job on the side= ဘေးပေါက်အလုပ်လုပ်သည်
- moonlighting= ဘေးပေါက်အလုပ်ကို ပင်မအလုပ်ရှင်မသိအောင် လျှို့ဝှက်စွာလုပ်ခြင်း
- run your own business= ကိုယ်ပိုင်စီးပွားရေးလုပ်သည်
He makes some money on the side by waiting (on) tables.
သူဟာ ကြားပေါက်အလုပ်အနေနဲ့ စားပွဲထိုးအလုပ်လုပ်ပြီး ပိုက်ဆံရှာတယ်။
စားပွဲထိုးသည် ကို to wait on tables သို့မဟုတ် to wait tables လို့သုံးပုံကိုမှတ်ပါ။
He has an office job, but he also moonlights as a taxi driver.
သူ့မှာ ရုံးအလုပ်ရှိပေမဲ့ အငှားကားလည်း ထွက်မောင်းလိုက်သေး။ (ရုံးက အထက်လူကြီးတွေ မသိအောင်)
♦️အလုပ်ရှာနေတယ်၊ အလုပ်ရပြီ
- look for a job= အလုပ်ရှာသည်
- apply for a job= အလုပ်လျှောက်သည်
- sit for a job interview= အလုပ် အင်တာဗြူးဖြေသည်
- did very well in the interview= လူတွေ့စစ်မေးခြင်းမှာ ကောင်းကောင်းဖြေနိုင်ခဲ့သည်
- short list (noun, verb)= ပဏာမအဆင့်ရွေးခံရသည်၊ ဆန်ခါတင်စာရင်း
- land a good job= အလုပ်ကောင်းကောင်းရသည်
- found a job= အလုပ်ရသွားပြီ
- hold down a steady job= ရေရှည်အလုပ်မြဲသည်
He has applied for a job with an insurance company.
သူဟာ အာမခံကုမ္ပဏီမှာ အလုပ်လျှောက်ထားတယ်။
Immediately after graduation, he landed a very good job in Singapore.
ဘွဲ့ရပြီးပြီးချင်း သူ စင်္ကာပူမှာ အသာလေးပဲ အလုပ်ကောင်းကောင်း ရသွားတယ်။
I hate job hopping; I just want to hold down a steady job.
ငါ အလုပ်ကို ခဏခဏ ဟိုခုန်ဒီခုန်မပြောင်းချင်ဘူး။ တစ်ခုပဲ စွဲစွဲမြဲမြဲလုပ်ချင်တယ်။
အလုပ်လျှောက်ရာမှာ ပူးတွဲတင်ပြရတဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်ကို
- CV (curriculum vitate)
- re'sume' ( ရေ ဇူး မေး) လို့အသံထွက်ပါ။
You need to send a full re'sume' together with your job application.
အလုပ်လျှောက်လွှာနှင့်အတူ ကိုယ်ရေးရာဇဝင်အကျဉ်းကို ပူးတွဲတင်ပြပါ။
♦️အလုပ်အခွင့်အလမ်း၊ခန့်ဖို့လူလိုနေရင်
- vacancy
- opening
- opportunity (employment opportunities/ job opportunities လို့သုံးကြတယ်)
Is there any vacancy in your company?
မင်းတို့ ကုမ္ပဏီမှာ လူလိုသလား။
There is an opening for an accountant in our department.
ငါတို့ဌာနမှာ စာရင်းကိုင်ရာထူးတစ်နေရာ လစ်လပ်နေတယ်။
There are great opportunities for engineers.
အင်ဂျင်နီယာတွေအတွက် အလုပ်အကိုင်အခွင့်အရေးကောင်းတွေ အများကြီးပဲ။
♦️အစမ်းခန့်ကာလ
- probation= အစမ်းခန့်ထားခြင်း
- probation period/ a period of probation= အစမ်းခန့်ကာလ
- extend the probation= အစမ်းခန့်ကာလကို ထပ်တိုးသည် (အလုပ်ရှင်က သဘောမကျ၍၊ အလုပ်သမားက အမှားလုပ်မိ၍)
He is still on probation.
သူ့ကို အစမ်းခန့်ထားတုန်းပါ။
The supervisor extended his probation because of his repeated tardiness.
အလုပ်ကို ခဏခဏနောက်ကျလို့ ကြီးကြပ်သူက သူ့ရဲ့ အစမ်းခန့်ထားတဲ့ကာလကို တိုးမြှင့်လိုက်တယ်။
probation မှာ တခြားအဓိပ္ပါယ်တွေရှိသေးတာ သိချင်ရင် dictionary ကြည့်ပါ။
♦️လစာ၊ လုပ်ခငွေနဲ့ အခြားခံစားခွင့်တွေ
- salary= လစာ၊လခ
- take-home pay= အခွန်၊ ငွေစုငွေချေးအတွက်ထည့်ငွေ စသည်တို့ကိုအကုန်ဖြတ်တောက်ပြီး အသားတင်ကျန်သည့် လစာ
- wage= လုပ်ခ
- wage earner= လုပ်ခစား
- piece-work= ပုတ်ပြတ်
- salary increase= လစာတိုးခြင်း
- step increase= လစာတိုးခြင်း ( one step; two steps စသည်ဖြင့်)
- fringe benefits= (လစာအပြင်) အခြားအကျိုးခံစားခွင့်များ
- perks= ရာထူး လုပ်ငန်းအရ ရရှိသော အကျိုးခံစားခွင့်များ
- other allowances= အခြားခံစားခွင့်များ၊ စရိတ်၊ ခွင့်ပြုငွေ (travel allowance ခရီးစရိတ်)
♦️အလုပ်ရှင်၊ အလုပ်သမား
- employer= အလုပ်ရှင်
- employee= ဝန်ထမ်း
- boss= သူဌေး
- supervisor= ကြီးကြပ်သူ
- staff= ဝန်ထမ်း၊ အမှုထမ်း
- worker= အလုပ်သမား
♦️ခွင့်ယူတယ်ဆိုရင်
- ask for leave= ခွင့်တောင်းသည်
- take leave= ခွင့်ယူသည်
- to be on leave= ခွင့်ယူထားသည်
- authorized leave of absence= တရားဝင် အလုပ်ပျက်ကွက်ခွင့်
- maternity leave= သားဖွားခွင့်
- sick-leave= နာမကျန်းခွင့်၊ ဆေးခွင့်
- compassionate leave= သာရေးနာရေးခွင့်
- sabbatical/ study leave= သုတေသနလုပ်ဖို့/ ကျောင်းဆက်တက်ဖို့ပေးတဲ့ခွင့်
- annual leave= တစ်နှစ်မကုန်ခင်အတွင်း ရပိုင်ခွင့်ရှိသော ခွင့်နေ့များ
- call in sick= ရုံးကိုဖုန်းဆက်ပြီး နေမကောင်းကြောင်းအသိပေး ခွင့်တောင်းယူသည်
♦️အလုပ်ခန့်တယ်၊ ရာထူးပေးလိုက်တယ်၊ ရာထူးချလိုက်တယ်ဆိုရင်
- hire= ခန့်သည်
- employ= အလုပ်ခန့်သည်
- recruit= လူသစ်စုဆောင်းသည်
- appoint= ရာထူးပေးသည်
- make sb sth= ရာထူး (တိုး) ခန့်အပ်သည်
The boss made Bo Bo his assistant.
သူဌေးက ဘိုဘို့ကို သူ့ရဲ့ လက်ထောက်ရာထူးပေးလိုက်တယ်။
- promote= ရာထူးတိုးပေးသည်
- move up the corporate ladder/ climb the corporate ladder= လုပ်ငန်းခွင်တွင် တစ်ဆင့်ပြီး တစ်ဆင့်ထိပ်ပိုင်းရောက်သည်အထိ ရာထူးတက် အောင်မြင်သည်
- demote= ရာထူး အဆင့်လျှော့ချသည်
- stand down= နုတ်ထွက်သည်၊ ရာထူးမှဖယ်ပေးသည်
The President is standing down after five years in office.
ငါးနှစ်တာဝန်ထမ်းဆောင်အပြီးမှာ သမ္မတကြီး ရာထူးမှဖယ်ပေးတော့မယ်။
♦️အလုပ်ဝင်စ လူသစ်လေး
- new hire
- new recruit
- new broom
- newbie
- rookie
He made a rookie error. (rookie mistake)
သူဟာ လူသစ်မို့လို့ အတွေ့အကြုံမရှိသေးလို့ အမှားလုပ်မိတာ။
♦️လုပ်ဖော်ကိုင်ဖက်တွေ
- colleague= လုပ်ဖော်ကိုင်ဖက်
- officemate= တစ်ရုံးတည်းလုပ်သူ
- workmate= အလုပ်မှသူငယ်ချင်း
- co-worker= လုပ်ဖော်ကိုင်ဖက်
- superior= အထက်လူကြီး
- subordinate= လက်အောက်ငယ်သား
♦️အလုပ်ကြိုးစားလား၊ ခိုကပ်တတ်လား
- hardworking= အလုပ်ကြိုးစားသော
- dependable= အားကိုးရသော
- reliable= ယုံကြည် မျက်နှာလွှဲလို့ရသော
- dedicated= အလုပ်ကို နှစ်မြှုပ်လုပ်တတ်သော
- unreliable= စိတ်မချရသော
- laid-back= ခပ်ပေါ့ပေါ့၊ ပူပင်မှုမရှိသော
- eager beaver (noun)= အလုပ်ကို တက်ကြွထက်သန်စွာလုပ်သူ၊ ကိုတက်ကြွ
- clock-watcher (noun)= အလုပ်သိမ်းရန် နာရီတကြည့်ကြည့်လုပ်တတ်သူ၊ ငပျင်း
- shirk (verb)= ခေါင်းရှောင်သည်၊ ရေသာခိုသည်
- shirker (noun)= ရေသာခို အချောင်သမား
- slack (verb)= အပျင်းထူသည်၊ ခိုကတ်သည်
♦️အလုပ်မှထွက်၊ အငြိမ်းစားယူ
- resign= အလုပ်မှထွက်သည်
- leave one's job= အလုပ်မှထွက်သည်
- quit one's job= အလုပ်မှထွက်သည်
- give up one's job= အလုပ်ဆက်မလုပ်နိုင်၍နားလိုက်ရသည် (ကျန်းမာရေးကြောင့်ဖြစ်စေ၊ အိမ်ထောင်တာဝန်ကြောင့်ဖြစ်စေ)
- retire= အငြိမ်းစားယူ၊ ပင်စင်ယူသည်
- retiree= အငြိမ်းစား
- pensioner= ပင်စင်စား
- golden handshake= အရာရှိကြီးတစ်ဦး အလုပ်မှထွက်သောအခါ နှုတ်ဆက်သည့်သဘောဖြင့်ပေးသော လက်ဆောင် ငွေ
- severance/ severance pay= အလုပ်ရှင်မှ အလုပ်သမားကို အလုပ်မှရပ်စဲလိုက်သည့်အတွက် ပေးသည့် လျှော်ကြေးငွေ
- pension= ပင်စင်၊ အငြိမ်းစားလစာ
♦️အလုပ်ထုတ်ခံရတာ၊ အလုပ်ပြုတ်သွားတာ
- fire= အလုပ်ဖြုတ်သည်
- sack= အလုပ်မှထုတ်ပစ်သည်
- dismiss= အလုပ်ထုတ်သည်
- oust= ထုတ်သည်၊ ရာထူးနေရာမှ ဖြုတ်သည်
- pink slip= အလုပ်ဖြုတ်စာ
- pink-slip= အလုပ်ဖြုတ်ပစ်သည်
He was ousted from his position as chairman.
သူ့ကို ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားလိုက်တယ်။
အလုပ်မှာ ကုမ္ပဏီက စီးပွားကျနေလို့ လူလျှော့တဲ့ အထဲမှာပါသွားတာ၊ အလုပ်ပြုတ်သွားတာကိုတော့
- lay somebody off
- make redundant
- cut jobs
Many workers were laid off diring the recession.
တိုင်းပြည်စီးပွားရေးကျဆင်းနေသောကာလတွင် အလုပ်သမားများစွာ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။
To keep the company alive, half the workforce was made redundant.
ကုမ္ပဏီဆက်လက်ရှင်သန်နိုင်အောင်လို့ ဝန်ထမ်းတစ်ဝက်လောက် လူလျှော့လိုက်ရတယ်။
The factory cut 200 jobs as they didn't receive any new order.
အော်ဒါအသစ်တွေ မရလို့ စက်ရုံမှ အလုပ်သမား ၂၀၀ ဖြုတ်လိုက်ရတယ်။
♦️အလုပ်မရှိ၊ အလုပ်လက်မဲ့ဖြစ်နေသော
- not have a job
- be without a job
- be out of work
- unemployed
- jobless
He is a rolling stone. He's never managed to hold down a steady job.
သူဟာ အတည်တကျလူမဟုတ်ဘူး။ ပုံမှန် အလုပ်တစ်ခုကို ဘယ်တော့မှ မြဲမြဲမလုပ်နိုင်ဘူး။
ကဲ...ဒီလောက်ဆိုရင် အလုပ်နဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာ အသုံးတွေ တော်တော်လေးသိလောက်ပြီပေါ့။ ဒီတစ်ခါလည်း ပြောပြချင်တာတွေ၊ ပေးချင်တာတွေများလွန်းလို့ စာရေးတာရှည်သွားပြန်ပါပြီ။ လူငယ်တွေအတွက် အသုံးဝင်မယ်လို့တော့ မျှော်လင့်ရတာပဲ။
With love,
Dr.Soe Than
March 6, 2018
Comments
Post a Comment