ဘာလို့ E to E နေကြတာလဲ (ဒေါက်တာစိုးသန်း)
ဘာလို့ E to E နေကြတာလဲ
အင်္ဂလိပ်စာကို သင်ရာမှာ ဆရာက (မြန်မာဆရာဖြစ်စေ၊ နိုင်ငံခြားသားဆရာဖြစ်စေ) အတန်းထဲမှာ ကျောင်းသားတွေကို အင်္ဂလိပ်လိုပဲ တိုက်ရိုက်တစ်ချိန်လုံးပြောပြီးသင်တယ်၊ ကျောင်းသားရဲ့ native language ဖြစ်တဲ့ မြန်မာစကားနဲ့ မရှင်းပြဘူး။ မြန်မာလို လုံးဝ ဘာသာမပြန်ပြဘူး။ ကျောင်းသားနားမလည်တဲ့ အဂ်လိပ်စကားလုံးအသစ်တစ်ခုရဲ့ အဓိပ္ပာယ်ကိုလည်း အဂ်လိပ်ဘာသာနဲ့ပဲ ပြန်ရှင်းပြတယ်။
အဲဒီလိုသင်ပုံ၊ အင်္ဂလိပ်စာကို အင်္ဂလိပ်စာနဲ့ပဲပြန်သင်ပြပုံနည်းစနစ်ကို Teaching English to English လို့ ဘာကြောင့်ပြည်တွင်းမှ လူငယ်ဆရာအချို့ခေါ်နေကြသလဲ ကျွန်တော်မသိပါ။
ကျွန်တော် ကြားဖူးတာကတော့ EMI လို့ အတိုကောက်ခေါ်ကြတဲ့ English as a Medium of Instruction သို့မဟုတ် English Medium Instruction ပါပဲ။ အင်္ဂလိပ်စာကိုဖြစ်စေ၊ သင်္ချာ၊ သမိုင်း စသည့် ဘယ်ဘာသာရပ်ကိုမဆို ဆရာမှ အင်္ဂလိပ်လိုသာပြောပြီးသင်ပေးတာကို English Medium Instruction လို့နိုင်ငံတကာမှာ သုံးကြပါတယ်။
At our university, we use English as the medium of instruction.
ငါတို့ တက္ကသိုလ်မှာ ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုပဲသင်ရတယ်။ (ဝါကျထဲမှာထည့်ပြောချင်ရင်ပေါ့။)
Students study all subjects through an English medium.
ကျောင်းသားတွေဟာ ဘာသာအားလုံးကို အင်္ဂလိပ်လိုပဲ သင်ရတယ်။
All subjects are taught through the medium of English.
ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုသင်တယ်။
English to English ပြီးတော့ E to E လို့ ဘာကြောင့်ခေါ်နေကြသလဲ သိသူများ ဒီ terminology အတွက် Literature မှာ Reference လေးများရှိရင်ညွှန်ပြပေးစေချင်ပါတယ်။ Preposition "to" ကိုဒီနေရာမှာသုံးထားတာ သဘာဝမကျလို့ပါ။ ဘာသာစကားတစ်ခုမှ နောက်ဘာသာစကားတစ်ခုသို့ translate ဘာသာပြန်သည်ဆိုရင်တော့ to သို့မဟုတ် into သုံးရမှာကိုး။ Translate from Myanmar to/into English. လို့ သုံးတာမျိုးပေါ့။
Teachers should teach English to English. လို့တော့ မသုံးသင့်ဘူးလို့ ထင်ပါတယ်။
Teachers should teach English in English. သို့မဟုတ်
Teachers should teach English through English. သို့မဟုတ်
Teachers should teach English through the medium of English. စသည်ဖြင့် ပြောနိုင်ပါတယ်။
မြန်မာပြည်မှာနေထိုင်အလုပ်လုပ်နေတဲ့ Native speaker တစ်ယောက်ဆိုရင်တော့
I teach English to Myanmar students. လို့ပြောနိုင်တယ်။
သူဟာ England ပြန်ရောက်သွားတော့
I teach English to English students. ဒီလိုလည်း ပြောနိုင်တာပဲ။ သို့သော် ဒါဟာ teaching method အကြောင်းကိုပြောတာမဟုတ်ပါဘူး။ သူသင်တဲ့ကျောင်းသားတွေဟာ ဘာလူမျိုးလဲဆိုတာကို ရှင်းပြတာပါ။
English major ကျောင်းသားတွေ၊ ပညာရေးတက္ကသိုလ် ကျောင်းသားတွေဆိုရင်တော့ ကျွန်တော် အခုထောက်ပြနေတဲ့ teaching method/approach ကို The Direct Method သို့မဟုတ် The Natural Approach စသည်ဖြင့် တံဆိပ်တပ်နိုင်ကြောင်း ကောင်းကောင်းကြီးသိကြမှာပါ။ English to English Dictionary ပဲ သုံးတယ်လို့ ပြောကြပေမယ့် စာသင်ပုံ Teaching method ကိုတော့ E to E မလုပ်ကြဘဲ E through E လောက်တော့ လုပ်ကြပါ ဆရာတို့။
With love,
Dr.Soe Than
November 19, 2019
Comments
Post a Comment